ကျေးဇူးတော်ရှင် ဆရာတော် ဦးစန္ဒြမဏိ မဟာထေရ်မြတ် လောင်းလျှာကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးအောင်ကျော်နှင့် မယ်တော် ဒေါ်မိဝင်းယေ တို့မှ ၁၈၇၅ ခု၊ မေလ ၂၅ ရက်နေ့တွင် မီးရှူးသန့် စင် ဖွားမြင်တော်မူခဲ့ပါသည်။
ငယ်နာမည်မှာ သာပန်းဦးဖြစ်ပြီး မွေးချင်းသုံးယောက် အနက် သားဦးရတနာလည်း ဖြစ်သည်။ အသက် ၁၂ နှစ် အရွယ်တွင် စစ်တွေမြို့၊ စန္ဒိမာရာမကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာဏေ အဖြစ်သို့ ဝင်ရောက်ခဲ့ပါသည်။
စစ်တွေ၊ မော်လမြိုင်၊ မန္တလေး စသောမြို့များတွင် နာမည်ကျော် စာသင်တိုက်ကြီးများ၌ ပါဠိ ပိဋကတ်စာပေများကို လေ့လာသင်ကြားခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံသား အနာဂါရိက ဓမ္မပါလ၏ ပင့်ဖိတ်ချက်အရ ရှင်သာမဏေဘဝဖြင့်ပင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ ဆရာတော်သည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ပန်းဝါမြို့တွင် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ထို့နောက် အိန္ဒိယနိုင်ငံ၌ အခြေချ နေထိုင်ကာ ပျောက်ကွယ်နေသော မြတ်ဗုဒ္ဓ သာသနာတော်ကို ပြန်လည်ရှင်သန်လာအောင် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်လျက် သံဝေဇနိယဋ္ဌာနများတွင် ဗုဒ္ဓသာသနိကအဆောက်အဦးများ ဆောက်လုပ်၍ သာသနာပြုတော်မူခဲ့ပါသည်။
ကုသိနာရုံဒေသတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများနှင့် စန္ဒြမဏိကောလိပ်တို့ကို လည်းကောင်း၊ အခမဲ့ဆေးပေးခန်းများကိုလည်းကောင်း တည်ထောင်ဖွင့်လှစ်ပေးခဲ့ပါသည်။ ၄င်းအပြင် ဆရာတော်သည် ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့၌ကျင်းပခဲ့သည့် ဆဋ္ဌသံင်္ဂါယနာတင်ပွဲသို့လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် နီပေါနိုင်ငံ၊ ခေတ္တမန္ဒူမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံသို့လည်းကောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲပါသည်။ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများစွာထဲမှ ထူးခြားသည့်သာသနာပြုလုပ်ဆောင်ချက်တစ်ခုမှာ ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယဗဟိုတရားရေးရာဝန်ကြီး ဒေါက်တာအမ္ဗေဒကာ ဦးဆောင်သည့် အိန္ဒိယနိုင်ငံသား ခြောက်သိန်းကျော်တို့အား (Diksha Bhumi, Nagpur, Maharashtra) မဟာရာစထရာပြည်နယ်၊ နာဂပူရ်မြို့၊ ဒေ့က်ရှားဘူမိအရပ်၌ ဗုဒ္ဓဘာသာအဖြစ်သို့ သွတ်သွင်း ချီးမြင့်ပေးခဲ့ခြင်းပင်ဖြစ်ပါသည်။
ဤသို့ဖြင့် ဆရာတော်သည် အိန္ဒိယနှင့် နီပေါနိုင်ငံတို့၌ ရာစုနှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့ပြီးဖြစ်သော မြတ်ဗုဒ္ဓ သာသနာတော်ကို ပြန်လည်ရှင်သန်လာအောင် ဆောင်ရွက်တော်မူရင်း ၁၉၇၂ ခု မေလ ဂ ရက်နေ့တွင် ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူခဲ့သည့် ကုသိနာရုံ မလာမင်းတို့၏ အင်ကြင်းဥယာဉ်တွင် တစ်ဘဝတာ ဇာတ်သိမ်းတော်မူခဲ့ပါသည်။
ဆရာတော်ဘုရား၏ ဘ၀တသက်တာ အံ့ချီးဖွယ်ရာ သာသနာပြု (ပရဟိတလုပ်ငန်း)များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ဗုဒ္ဓဘာသာ လုံလုံးလျားလျား ကွယ်ပျောက်နေခဲ့သော မိဇ္ဈိမဒေသ အိန္ဒိယနိုင်ငံ၌ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်လျက် ဘ၀တစ်ခုလုံးကို နစ်မြုပ်ကာ သာသနာပြုတော်မူခဲ့သည်။
- ရတနာဂီရိတွင် သီပေါမင်းကြီးနှင့် အိန္ဒိယနိုင်ငံ၏ သာသနာရေးကိစ္စများကို အကြိမ်ကြိမ် ဆွေးနွေးတော်မူခဲ့သည်။
- သံဝေဇနိယဌာနများတွင် အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာဘုန်းတော်ကြီးကျောင်းများကို တည်ဆောက်တော်မူခဲ့သည်။
- ကုသိနာရုံတွင် ဒေသခံများအတွက် အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ဗုဒ္ဓဒီဂရီ ကောလိပ်တို့ကို ဖွင့်ပေးခဲ့ပြီး အခမဲ့ဆေးပေးခန်းများကိုလည်း ဖွင့်ပေးခဲ့သည်။
- ဓမ္မပဒ၊မဟာသတိပဌာနသုတ်၊ အနတ္တလက္ခဏာသုတ်နှင့် သိဂိ င်္တိ သုတ် တို့ကို ဟိန္ဒီဘာသာသို့လည်းကောင်း၊ ”သောရောဒယ”နှင့်”အဉ္စန နိဒါန်းအမည်ရှိ စာအုပ်တို့ကို သက္ကတဘာသာမှ မြန်မာဘာသာသို့ လည်းလောင်း၊ ဒေသခံများ သာသနာပြုရာတွင် လွယ်ကူချောမွေ့စေရန် အခြားစာအုပ်များကို ဟိန္ဒီဘာသာသို့ လည်းကောင်း ပြန်ဆို ရေးသားတော်မူခဲ့သည်။
- ဘိက္ခုသစ္စ၀ံသ၊ စာပေပညာရှင် ဒေါက်တာရာဟုလာသံကိစ္စည်း၊ ဒေါက်တာ ဗုဒ္ဓရက္ခိတ၊ ဘိက္ခုကဿပ(ယ္ခု နာလန္ဒာတက္ကသိုလ်၏ ဖေါင်ဒါ)၊ ဘိက္ခု အာနန္ဒာကောသလ္လ၊ဘိက္ခု အဉ္ဖုတာနန္ဒနှင့် ဘိက္ခုပညာဝံသစသော အိန္ဒိယနိုင်ငံသား ပညာတတ်တပည့် ရဟန်းတော်များ မွေးထုတ်ပေးခဲ့ပါသည်။
- မြန်မာနိုင်ငံတွင် ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ အိန္ဒိယရဟန်းတော်များကိုယ်စား ကြွရောက်တော်မူခဲ့ပြီး၊ ၁၉၅၅-ခုနှစ်တွင် ခတ္တမန္ဒူမြို့၌ နီပေါ ဘုရင်မင်းမြတ် ဦးဆောင်ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးသို့လည်း တက်ရောက်တော်မူခဲ့သည်။
- ၁၉၅၆-ခုနှစ် အောက်တိုဘာလ ၁၄-ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗဟိုတရားရေးရာဝန်ကြီး ဒေါက်တာ အမ္ဗေဒကာ အပါအ၀င် အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ၆-သိန်းကျော်တို့အား အိန္ဒိယနိုင်ငံ နာဂပူမြို့၌ ဗုဒ္ဓဘာသာအဖြစ်သို့ သွင်းပေးတော်မူခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ ကမ္ဘာသူ ကမ္ဘာသားများ၏ အံ့ချီးထောပနာပြုမှုများကို အကြီးအကျယ် ရရှိတော်မူခဲ့သည်။
ထို ၁၂၇၈-စောင်သော ၀မ်းနည်းမှုသ၀ဏ်လွှာများ ရောက်ရှိလာခြင်းက ဆရာတော်ဘုရားကြီးအား ကမ္ဘာက မည်ရွှေ့မည်မျှ လေးစားကြည်ညိုကြသည် မည်ရွှေ့မည်မျှတန်ဖိုးထားကြသည်ကို သက်သေသာဓက မီးမောင်းထိုးပြခြင်းပင် ဖြစ်ပါသည်။
အရှင် စန္ဒိမာ (ဓမ္မလရိပ်)
No comments:
Post a Comment