*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Thursday, March 29, 2012

နိုင်ငံတကာ တက္ကသိုလ် ၀င်ခွင့်စာမေးပွဲများ အာရှတွင် ခေတ်စား


အေ(ခ်) တား ဂိုလ်ချာ (Ekta Golchha) ဟာ နိုင်ငံခြားတက္ကသိုလ်တက်ဖို့ အစောကြီးကတည်း ပြင်ဆင်မှုတွေ လုပ်ခဲ့ရပါတယ်။
သူမဟာ နီပေါနိုင်ငံကနေ အိန္ဒိယနိုင်ငံ ပူနေမြို့ကို ပြောင်းရွှေ့ပြီး၊ နိုင်ငံတကာ အသိအမှတ်ပြု အလယ်တန်းအဆင့် ကျောင်း (Baccalaureate secondary school) ကို တက်ခဲ့ပါတယ်။ အဲဒီက ကျောင်းပြီးတော့ ဗြိတိန်မှာ ပညာဆက်သင်ယူခွင့်ရပါတယ်။

“နီပေါမှာ ဆက်နေရင် ကျမ ပညာရေး ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး” လို့ ဂိုလ်ချာ က နယူးယော့ခ်တိုင်းမ်ကို ပြောပြပါတယ်။ မနှစ်က သူမဟာ University of Warwick ကနေ သင်္ချာအဓိကနဲ့ ဘွဲ့ရပြီး၊ အခု Oxford တက္ကသိုလ်မှာ ငွေကြေးစီမံခန့်ခွဲမှု မာစတာဘွဲ့ကို လေ့လာနေပါတယ်။
နီပေါကျောင်းသူ ကျောင်းသား အများအပြားဟာ တက္ကသိုလ်ပညာရေးအတွက် နိုင်ငံရပ်ခြားကို ထွက်နေကြပါတယ်။ ဒါပေမဲ့ အဲဒီလို ထွက်ဖို့က လွယ်လွယ်ကူကူ မဟုတ်ပါဘူး။ ကျောင်းသားတွေဟာ ရှုပ်ထွေးတဲ့ ဗီဇာပုံစံတွေ ဖြည့်ရတယ်။ ဘဏ်စာရင်း ဖွင့်ရတယ်။ နိုင်ငံခြားနဲ့ အဆက်အသွယ်လုပ်ရတယ်၊ လေယာဉ်လက်မှတ် ခက်ခက်ခဲခဲ ၀ယ်ယူရတယ်။ အဲဒါတွေ မလုပ်ခင် အတန်းထဲမှာ ထိပ်ဆုံးအမှတ်ရအောင် လုပ်ရတယ်။ အပြင်က အသိအမှတ်ပြုမယ့် ဒစ်ပလိုမာ ရအောင် လုပ်ရတယ်။ ပြင်ပ ကျောင်းဝင်ခွင့် စာမေးပွဲတွေ ဖြေရတယ်။
နီပေါကျောင်းတွေက သင်ကြားပေးလိုက်တဲ့ ပညာရေးလက်မှတ်ကို ဘယ်ပြင်ပတက္ကသိုလ်ကမှ အသိအမှတ်မပြုပါဘူး။ ဒါကြောင့်မို့ I.B လို့ခေါ်တဲ့ International Baccalaureate စာမေးပွဲစနစ်က နီပေါလို နိုင်ငံမှာ အထူးရေပန်းစားလာပါတယ်။ I.B အောင်လက်မှတ်ရသူဟာ မျက်နှာပန်းပွင့်ပြီး နိုင်ငံခြားတက္ကသိုလ်တွေက လက်ခံချင်ကြတယ်လို့ နိုင်ငံတကာ I.B စာမေးပွဲ အရာရှိ Judith Fabian က ပြောပါတယ်။
စာရင်းအရဆိုရင် ကမ္ဘာ့အနှံမှ တက္ကသိုလ် ၁၈၃၆ ခုက I.B စနစ်နဲ့ အောင်မြင်သူတွေကို အသိအမှတ်ပြုလက်ခံပါတယ်။
Scholastic Assessment Test လို့ အရင်က ခေါ်ခဲ့တဲ့ S.A.T အမေရိကန် စာမေးပွဲကိုလည်း နိုင်ငံပေါင်း ၆၀ ရှိ တက္ကသိုလ် ၁၀၀ ကျော်က အသိအမှတ်ပြုလက်ခံပါတယ်။ နှစ်စဉ် S.A.T စာမေးပွဲ ဖြေဆိုသူ ၂ သန်းကျော်ရှိတယ်လို့ S.A.T စာမေးပွဲ စစ်ဆေးရေး ဘုတ်အဖွဲ့မှ Leslie Sepuka က ပြောပါတယ်။
အမေရိကန် ကောလိပ် ဘုတ်အဖွဲ့ကစစ်တဲ့ A.P ခေါ် Advanced Placement တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကလည်း အာရှ အာဖရိက ကျောင်းသားတွေကြားမှာ ရေပန်းစားလာပါတယ်။ အမေရိကန်ပြည်ထောင်စုအပြင်ဘက်မှာ အထက်တန်းကျောင်း ၁၂၀၀ က A.P စနစ်ကို သင်ကြားပြီး စာမေးပွဲစစ်ပေးနေပါတယ်။ A.P အောင်လက်မှတ်ရသူကို အမေရိကန် တက္ကသိုလ်တွေနဲ့ အမေရိကန်ပြင်ပ အခြားတက္ကသိုလ် ၆၀၀ က ကြိုဆိုလက်ခံလျက် ရှိပါတယ်။
ဒါပေမဲ့ နိုင်ငံအသီးသီးက တက္ကသိုလ်တွေရဲ့ အဆင့်သတ်မှတ်မှုပုံစံ မတူတာပါဘူး။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့ ကိုယ်ရွေးချယ်တဲ့ တက္ကသိုလ်က လက်ခံမယ့် I.B လက်မှတ်ဖြစ်ဖြစ်၊ A.P အတန်းဖြစ်ဖြစ် ရှိအောင်လုပ်ထားရမယ်လို့ ရှန်ဟိုင်းရှိ အမေရိကန် အထက်တန်းကျောင်း ကျောင်းအုပ် Shaun McElroy က ပြောပါတယ်။ သူက ဆက်ပြီး “တက္ကသိုလ် ရွေးချယ်တာဟာ ကိုယ့်အိမ်ထောက်ဖက် ရွေးချယ်တာထက်တောင် ပိုအရေးကြီးတယ်” လို့ ပြောပါတယ်။
နောက် မိခင်ဘာသာစကား အင်္ဂလိပ်စာ မဟုတ်တဲ့ ကျောင်းသားတိုင်းဟာ အမေရိကန်နဲ့ ကနေဒါ တက္ကသိုလ်တွေမှာ ၀င်ခွင့်ရဖို့အတွက် Toefl (Test of English as a Foreign Language) ဖြေရပါတယ်။ ဗြိတိန်နဲ့ ဩစတြေးလျ တက္ကသိုလ်တွေ အတွက်က IELTS အင်္ဂလိပ်စာ စာမေးပွဲ ဖြေကြရပါတယ်။
နီပေါနိုင်ငံသူ ဂိုလ်ချာ လိုပဲ အာရှနိုင်ငံတွေမှ ထောင်ပေါင်းများစွာသော ကျောင်းသားတွေဟာ နိုင်ငံတကာစာမေးပွဲတွေ ဖြေပြီး အနောက်နိုင်ငံတက္ကသိုလ်တွေမှာ တက်ခွင့်ရဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။
ချယ်ရီမိုးသဲ
ရည်ညွန်း။ NY Times; Setting out in Search of Education

No comments:

Post a Comment